ခတ္တမန္ဒူ - နီပေါနိုင်ငံတွင် ပြည်တွင်းစစ်အပြီး ၂၀၀၈ ခုနှစ်က ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့်
ရွေးကောက်ပွဲ နောက်ပိုင်း သက်တမ်း အခိုက်အတန့်သာ ခံခဲ့သော ညွန့်ပေါင်းအစိုးရများ
လက်ထက်က မရေးဆွဲနိုင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၀န်ကြီးချုပ်သစ်
ဆူရှီလ်ကွိုင်ရာလာက ၁၂ လအတွင်း ပြီးစီးအောင်ရေးဆွဲမည်ဟု ကတိပြုထားသည်။
နီပေါနိုင်ငံရေးကိုကျွမ်းကျင်သော ပြည်တွင်း စစ်ဒဏ်သင့် နိုင်ငံကို တည်ငြိမ်မှုရှိလာအောင်
လုပ်ဆောင်ရမည့် ကွိုင်ရာလာသည် ၁၉၇၃ ခုနှစ် က နီပေါလေယာဉ်တစ်စင်းကို ပြန်ပေးဆွဲရာတွင်
ကူညီခဲ့၍ ထောင်သုံးနှစ်ကျခံခဲ့ရဖူးသည်။
အသက် ရ၅ နှစ်အရွယ် ကွိုင်ရာလာ မိသားစု ၀င်များထဲတွင် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသူ
သုံးဦးရှိပြီး ၎င်းမှာ ၎င်းမိသားစုဝင်များသာ နှစ်ရှည်လများ ကြီးစိုးနေခဲ့သည့် နီပေါနိုင်ငံ၏ သက်တမ်း
အရင့်ဆုံး ပါတီဖြစ်သည့် နီပေါကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။
နီပေါနိုင်ငံတွင် ဒီမိုကရေစီနည်းအရ ရွေးချယ် တင်မြှောက်ထားသော သက်တမ်း အခိုက်အတန့်
သာခံခဲ့သည့် အစိုးရတစ်ရပ်ကိုဖြုတ်ချကာ ဘုရင်စနစ်အုပ်စိုးခဲ့သော ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင်
ကွိုင်ရာလာက ၎င်း၏ သားစုဝင်များနှင့် အတူ အိန္ဒိယနိုင်ငံ၌ တိမ်းရှောင်နေထိုင်ခဲ့သည်။
ထို့နောက် ၎င်းက ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ၎င်းတို့၏ နီပေါကွန်ဂရက်ပါတီအတွက်
ငွေကြေးထောက်ပံ့မှုရရှိရန် ငွေကြေး အမြောက်အမြား သယ်ဆောင်လာခဲ့သည့် လေယာဉ်တစ်စင်း
ကို ပြန်ပေးဆွဲရာ၌ ပါ၀င်ကူညီခဲ့သည်။
ပြန်ပေးဆွဲသူများက ခတ္တမန္ဒူသို့ ဦးတည် ပျံသန်းနေသည့် လေယာဉ်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်းသို့
ပြန်ပေးဆွဲ မောင်းနှင်စေခဲ့ခြင်းဖြစ်သည်။
ပြန်ပေးဆွဲမှု၌ပါ၀င်ခဲ့သည့် တက်ကြွလှုပ်ရှားသူ အများစုကို အိန္ဒိယအာဏာပိုင်များက တစ်နှစ်
အတွင်း ဖမ်းဆီးခဲ့ပြီး ကွိုင်ရာလာကို ထောင် သုံးနှစ်ချမှတ်ခဲ့သည်။
၀ါရင့်နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကွိုင်ရာလာသည် နီပေါပါလီမန်၌
ထောက်ခံမဲ အများစုရရှိကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ၀န်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံခဲ့ရ
သည်။
၎င်းသည် နီပေါပါလီမန်တွင် အမတ်နေရာ ဒုတိယအများဆုံးရရှိခဲ့သည့် ကွန်မြူနစ် Unified
Marxist-Leninist (UML) ပါတီ၏ ထောက်ခံမှုဖြင့် မဲအရေအတွက် ၅၅၃ အနက်မှ ထောက်ခံမဲ
၄၀၅ မဲ ရရှိကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
၎င်းက ပြည်တွင်းစစ် အဆုံးသတ်သွားပြီး နောက်ရှစ်နှစ်အကြာတွင် နီပေါနိုင်ငံ တည်ငြိမ်ရေး
ဆောင်ကျဉ်းပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တိုင်းပြုပြည်ပြု
လွှတ်တော်သစ်တစ်ရပ်ကို ဦးဆောင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်ဒီဇင်ဘာလက ခတ္တမန္ဒူပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆူရှီလ်ကွိုင်ရာလာက
"ကျွန်တော်တို့ရဲ့ တာဝန်က လူတိုင်းပါ၀င် နိုင်ဖို့ဖြစ်ပါတယ်" ဟု အများသဘောဆန္ဒ ပါ၀င်ရေး
အရေးကြီးကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်တွေပြီး မြောက်အောင်မြင်ဖို့ တခြား မိတ်ဆွေနိုင်ငံတွေနဲ့
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ တွေကလည်း ကူညီထောက်ပံ့ပေးဖို့ ကျွန်တော်
တို့မျှော်လင့်ပါတယ်" ဟု ကွိုင်ရာလာက ဥပဒေပြု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
၁၀ နှစ်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အပြီး ၂၀၀၈ ခုနှစ်၌ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော
မော်ဝါဒီပါတီအနိုင်ရခဲ့သည့် ရွေးကောက် ပွဲနောက်ပိုင်း သက်တမ်းအခိုက်အတန့်သာ ကြာမြင့်ခဲ့
သည့် ၀န်ကြီးချုပ်ငါးဦး တာဝန်ထမ်း ဆောင်ခဲ့ပြီးနောက် တိုင်းပြုပြည်ပြုလွှတ်တော်လည်း
၂၀၁၂ ခုနှစ်၊ မေလတွင် ဖျက်သိမ်းခဲ့ရသည်။
"သူက သူ့ပါတီအတွင်းက အတိုက်အခံတွေကို ဖျောင်းဖျရဦးမှာပါ။ ပြည်သူလူထုက ဒီအစိုးရကို
အရမ်းမျှော်လင့်ထားကြတယ်။ ဒါကြောင့် ကွိုင်ရာလာက အခက်အခဲတချို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါ
တယ်" ဟု နိုင်ငံရေးသတင်းများ ထုတ်လွှင့် အစီရင်ခံသူတစ်ဦးဖြစ်သည့် ဂျီဂျာရှားမား ၀က်ဂဲလ်က
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
"ကျွန်တော်ဦးဆောင်တဲ့ အစိုးရက ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်း ငွေကြေးပမာဏကို
တိုးမြင့်စေမှာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေ အဆုံးသတ်စေဖို့ နိုင်ငံအတွင်း
မှာ စီးပွားရေးအခွင့်အလမ်းတွေလည်း ဖန်တီးပေးမှာဖြစ်ပါတယ်" ဟု ရွေးကောက်တင်မြှောက်မခံရမီ
ကွိုင်ရာလာကပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















