ပါကစ္စတန်ရိုးရာဓလေ့နှင့် ကလေးသတို့သမီးများ ပြဿနာ

ပါကစ္စတန်ရိုးရာဓလေ့နှင့် ကလေးသတို့သမီးများ ပြဿနာ

အက်ဒ်ယမ် (ပါကစ္စတန်) - တစ်ညနေခင်းမှာ ကျောင်းဆင်းပြန်လာတဲ့ ငါးနှစ်သမီးလေး
ဆနီးဒါကို သမီးနဲ့ ခပ်စိမ်းစိမ်း ခပ်မှန်မှန်နေလေ့ရှိတဲ့ ဖခင်ဖြစ်သူက ထူးထူးခြားခြား ဖက်လဲတကင်း
ဆီးကြိုလိုက်ပါတယ်။

ဆနီးဒါရဲ့ ဖခင် အလီအာမက်ဟာ အရင်လအနည်းှုယ် လောက်တုန်းက တခြားရွာတစ်ရွာက
မိန်းကလေး တစ်ဦးကို ခိုးယူပေါင်းသင်းခဲ့တာကြောင့် မိန်းကလေးရဲ့ မိသားစုဘက်က တုံ့ပြန်
လာမယ့် ပြင်းထန်တဲ့ ကလဲ့စားခြေမှုကို ဖြေဖျောက်ရအောင် သမီးလေး ဆနီးဒါနဲ့ တူမလေး
ဆက်ပ်နားတို့ကို သတို့သမီးလောင်းအဖြစ် ပေးအပ်ဖို့ ကတိပေးထားပြီးဖြစ်တယ်။

အဲဒီ အချိန်တုန်းက ဆနီးဒါ ငါးနှစ်သက်တမ်းပဲ ရှိသေးတယ်။ ဒီလို ခိုက်ရန်ဒေါသ အငြင်းပွားမှုမျိုး
တွေမှာ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို သတို့သမီးအဖြစ် လျော်ကြေးပေးပြီး ကြေအေးလေ့ရှိကြ
တဲ့ ဓလေ့ ဟာ ရှေးရိုးစွဲ ပါကစ္စတန်နိုင်ငံ ဒေသအတော် များများမှာ ရှိနေတုန်းပါပဲ။

ဆနီးဒါတို့နေထိုင် တဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်းက ဆွက်ခရိုင်မှာ ဒီဓလေ့ကို 'ဆွာရာ'လို့
ခေါ်ကြတယ်။ "ပါကစ္စတန်နိုင်ငံရဲ့ ဆွစ်ဇာလန် (Switzerland of Pakistan) လို့တောင်
တစ်ချိန်က ခေါ်တွင်ခဲ့ကြတဲ့ အလွန် သာယာရှုမောဖွယ် ဆွက်ခရိုင်ဒေသမှာ စစ်တပ်စစ်ဆင်ရေး
ကြောင့် တာလီဘန်တို့အုပ်စိုးမှုအောက်က လွတ်မြောက် ပြီးလေးနှစ်အကြာမှာ ဆွာရာဓလေ့
ပိုမိုခေတ်စား လာတယ်လို့ အစိုးရ စာရင်းဇယားများက ဆိုပါ တယ်။

၂၀၁၂ ခုနှစ်မှာ ဆွာရာပြဿနာတစ်ကြိမ် သာပေါ်ပေါက်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ကိုးကြိမ် ဖြစ်ပွား
ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမှန်တစ်ကယ် ဖြစ်ပွားမှုဟာ ဒီအရေအတွက်ထက်
အများကြီးပိုတယ်လို့ ဆိုတယ်။

"ကျွန်မအဖေက လမ်းပေါ်မှာပဲ ကျွန်မကိုကြိုရင်း ဆွာရာထုံးစံအတိုင်း ကျွန်မခင်ပွန်း ဖြစ်မယ့်
ယောကျ်ားတစ်ယောက်လက်ထဲ ကျွန်မ ကို မကြာမီပေးလိုက်ရတော့မယ်လို့ ပြောတယ်"လို့
ပါးနှစ်ဖက်စလုံး ရှက်သွေးရောင်သန်းနေတဲ့ ဆနီးဒါက အေအက်ဖ်ပီကို ပြောပြတယ်။ ဒီကိစ္စကို
ဆနီးဒါရဲ့ မိခင်က အစကတည်းက သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ လူမျိုးစုထုံးစံအရ ပြုလုပ်တဲ့
'ဂျာဂါ' အစည်းအဝေးတစ်ခုရဲ့ အဆုံးအဖြတ်နဲ့ မဖြစ်မနေ ဖိအားပေး စီစဉ်ဆောင်ရွက်စေခဲ့တာ
ကြောင့် နောက်ဆုံးမှာ ဆနီးဒါရဲ့ မိသားစုက ဆနီးဒါအား စောင့်ရှောက်ကာကွယ်ခွင့် တရားရုံး
အမိန့် ထွက်လာပါတယ်။ ဆနီးဒါရဲ့ဖခင်အပါအဝင် 'ဂျာဂါ' အစည်း အဝေးခေါင်းဆောင်နဲ့ အစည်း
အဝေးတက်ရောက် သူတွေကို ရဲက ဖမ်းဆီးထားလိုက်ပါတယ်။ ယခုအခါ အသက် ခုနစ်နှစ်ရှိပြီဖြစ်
တဲ့ ဆနီးဒါ ဟာ ကံကောင်းထောက်မလို့ ဆွာရာ သားကောင် ဖြစ်မယ့်ဘေးက သီသီလေး လွတ်
လာခဲ့ပေမယ့် အသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံမှုနဲ့ သရော် လှောင်ပြောင်တာတွေကို ခံရရှာပါသေး
တယ်။

"ကျွန်မ ကျောင်းသွားတိုင်း ကလေးတွေက ကျွန်မကို ဆွာရာထုံးစံအတိုင်း ပေးစားကြတာကြောင့်
မကြာမီ လူတစ်ယောက်နဲ့ ကျွန်မ လက်ထပ်ရတော့မယ်လို့ ထိကပါးယိကပါး ပြောနေကြပါတယ်"
လို့ ဆနီးဒါက ပြောပါတယ်။

ဆွာရာဓလေ့ကြောင့် ပြဿနာအမျိုးမျိုးဖြစ် ပွားရာ ပါကစ္စတန်မှာ ဆွာရာမှုခင်းများစွာ ပေါ်ပေါက်
နေပေမယ့် ရဲစခန်း တိုင်ကြားတဲ့အထိ မရှိကြပြန်ဘူး။ 'ဂျာဂါ' အစည်းအဝေးဆုံးဖြတ်ချက်ကို စိန်
ခေါ်တဲ့ ဖြစ်ရပ်မျိုးဟာ ပိုတောင်ရှားပါသေးတယ်။ အာဏာပိုင်တွေကလည်း ဆွာရာမှုခင်းဆိုင်ရာ
အချက်အလက်တွေကို အသေးစိတ် ထိန်းသိမ်းထားလေ့မရှိကြဘူးလို့ ဆိုပါတယ်။

ဆွာရာဓလေ့ ဆန့်ကျင်ဦးဆောင်လှုပ်ရှားသူ ဆမားမီနာလာဆိုတဲ့ အမျိုးသမီးရဲ့ မှတ်တမ်း အရ
တော့ ၂၀၁၂ ခုနှစ် တစ်နှစ်တည်းမှာပဲ နိုင်ငံတစ်ဝန်း ဆွာရာမှုခင်းပေါင်း ၁၃၂ ခုထက်မနည်း ဖြစ်
ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဆနီးဒါရဲ့ ၀မ်းကွဲအစ်မဖြစ်တဲ့ ၁၆ နှစ်သမီး ဆပ်ပနားကတော့ 'ဂျာဂါ' အဆုံးအဖြတ်အတိုင်း သူတို့
ရွေးချယ်ပေးတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်ရပါတယ်။ အေအက်ဖ်ပီ သတင်း
ထောက်တွေ ဆက်ပ်နားနဲ့တွေ့ဖို့ ကြိုးစားကြ ပေမယ့် ဆွာရာဆိုင်ရာ နှုတ်ပိတ်မှုနဲ့ ထုံးစံစည်းကမ်း
တွေ တင်းကျပ်လွန်းတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

(အေအက်ဖ်ပီ)