ကြီးကျယ်ပြီး အောက်ခြေလွတ်တဲ့သူတွေအတွက် စည်းမျဉ်းတစ်ခုနဲ့ ခင်ဗျားတို့လို၊ ကျွန်တော်
တို့လိုလူတွေအတွက် စည်းမျဉ်းသတ်သတ်တစ်ခုရှိတယ်။ ဒါကြောင့်မို့လို့လည်း အာဏာရှိတဲ့
သူတွေဟာ လူသတ်မှုအတွက်လည်း စွဲချက်တင်မခံရဘူး။ ကျွန်တော်တို့တစ်တွေမှာကတော့
စည်းမျဉ်း ဥပဒေ အသေးအဖွဲကလေးတွေကို ဖောက်ဖျက်ကျူးလွန်ရုံမျှနဲ့ ပြင်းထန်တဲ့ အပြစ်ဒဏ်
တွေကို ကျခံရတတ်ပါတယ်။
ဘယ်လိုအချိန်တွေမှာ အများဆုံးဖြစ်သလဲဆိုရင်တော့ ခေါင်းဆောင်တွေဟာ တစ်နည်းနည်းနဲ့
အခြိမ်းခြောက်ခံရရင်၊ အထူးသဖြင့် အာဏာကို နှစ်အတော်ကြာရရှိထားကာ ဆုံးရှုံး တော့မှာကို
စိုးရိမ်တဲ့အခါမျိုးတွေမှာပေါ့။ မကြာသေးခင်ကပဲ မြန်မာ၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ
ကာလကြာရှည် အုပ်ချုပ် လာတဲ့ အစိုးရတွေက ဒီလိုဉာဉ်တွေရှိခဲ့ကြပေမယ့် မလေးရှားနိုင်ငံလောက်
ပြောင်ပြောင် တင်းတင်း လုပ်ခဲ့တာမျိုးမရှိခဲ့ဘူး။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အာဏာရ
အမျိုးသားတပ်ဦး (National Front) အစိုးရဟာ အစိုးရနဲ့ ညှိနှိုင်းထားတဲ့ တရားရေး မဏ္ဍိုင်ကို
အသုံးပြုပြီး သူတို့ပါတီအပေါ် ထောက်ခံ မှု အလွန်အမင်းကျဆင်းလာတာကို ရပ်ဆိုင်းစေဖို့ အတိုက်
အခံတွေအပေါ် စနစ်တကျ ဖိစီးနှိပ်စက်မှုတွေ လုပ်ဆောင်ခဲ့တယ်။
၁၉၁၃ ခုနှစ်၊ မေလက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားတပ်ဦးပါတီဟာ
လူကြိုက်များတဲ့ မဲတွေဆုံးရှုံးခဲ့ပြီး အမတ်ခုနစ် နေရာ ဆုံးရှုံးခဲ့တာဟာ ၁၉၆၉ ခုနှစ်နောက်ပိုင်း
အဆိုးရွားဆုံး ဖြစ်ခဲ့တာကြောင့်လည်း နားလည် ပေးရမှာဖြစ်တယ်။ ဒုတိယဝန်ကြီးချုပ်ဟောင်း
အန်ဝါ အီဘရာဟင် ဦးဆောင်တဲ့ ပြည်သူ့မဟာမိတ် (People's Alliance) ပါတီကတော့
မလေးရှားနိုင်ငံရဲ့ ချမ်းသာအကြွယ်ဝဆုံး ပြည်နယ်နှစ်ခုဖြစ်တဲ့ ပီနန်နဲ့ ဆီလန်ဂေါ်တို့ကို ထိန်းသိမ်း
ထားနိုင်ခဲ့ တယ်။ အရေးပါတဲ့ ဆီလန်ဂေါပြည်နယ်ကို ပြန်ပြီးအနိုင်ရရမယ်လို့ ၀န်ကြီးချုပ် နာဂျစ်
က ကတိပေးခဲ့တာ အချည်းနှီးဖြစ်ခဲ့တယ်။
မကြာသေးမီက လေ့လာသုံးသပ်ထားတာတွေ ကိုကြည့်တဲ့အခါမှာလည်း အမျိုးသားတပ်ဦးကို
လိုလားနှစ်ခြိုက်မှု နည်းနေတာတွေ့ရပြီး ဒီ အတိုင်းသွားမယ်ဆိုရင် နာဂျစ်ဟာ နောင်လာ မယ့်
ရွေးကောက်ပွဲမှာ ရှုံးရုံတင်မကဘူး၊ ခွက်ခွက် လန်အောင်ရှုံးဖို့ သေချာတယ်။ ဒီလိုအဖြစ်မျိုးနဲ့မကြံု
ရအောင် ရွေးကောက် ပွဲမှာ မနိုင်ရင် တရားရုံးမှာနိုင်ဖို့ ကြိုးပမ်းနေတယ်။
မတ်လ ရ ရက်က အတိုက်အခံခေါင်း ဆောင် အန်ဝါ အီဘရာဟင်ကို တပည့်ဟောင်း တစ်ဦးနဲ့
နှစ်ဦးသဘောတူ လိင်တူဆက်ဆံမှု ကျူးလွန်ခဲ့တဲ့အမှုနဲ့ ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ် ချမှတ်ခဲ့
တာကိုကြည့်ရင် ဒီအစီအစဉ်ဟာ အတော် ကလေး ခရီးရောက်နေတာကို သိနိုင်တယ်။
သုံးရက်အကြာမှာတော့ ၀ါရင့်အတိုက်အခံခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ သာမန်လူတွေဘက်က
ရပ်တည် ကာကွယ်ပေးသူ ကာပါလ် ဆင်းဂ်ကို နိုင်ငံတော်အပေါ် အကြည်ညိုပျက် စေတဲ့စွဲချက်နဲ့
ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁,၂၅၀ ပေးဆောင်ဖို့ ချမှတ်ခဲ့တယ်။ ဒီပြစ်မှု ကြောင့် ကာပါလ်ဆင်းဂ်
ဟာ ပါလီမန်မှ အပယ် ခံရဖွယ်ရှိတယ်။
အမှန်မှာ အန်ဝါကို လိင်တူဆက်ဆံရန် ဆန္ဒရှိသူဟု အရင်ကတည်းက သံသယရှိနေတာ ဖြစ်သလို
ကာပါလ်ဟာ ပီရတ်ပြည်နယ်ရဲ့ အတိုက်အခံ ထိပ်တန်းဝန်ကြီး ပယ်ချခံရတာကို ပီရတ် (Perak)
စူလ်တန်ကို ဝေဖန်ခဲ့တဲ့အတွက် ဥပဒေကို ကျူးကျော်ခဲ့တာဖြစ်တယ်။ နိုင်ငံရဲ့ အလုပ်ကြိုးစားတဲ့၊
လူတွေရဲ့နှစ်သက် အခံရဆုံး နိုင်ငံရေးသမားနှစ်ဦးတို့ကို ရက်ရက်စက်စက် အပြစ်ပေးဖို့ နိုင်ငံရေး
ဘက်လိုက်တဲ့ တရားရေးစနစ်ကို သုံးရလောက်အောင် အကြောင်းပြချက်ဖြစ်သင့်သလား။
မလေးရှားနိုင်ငံရဲ့ အခြိမ်းခြောက်ခံနေရတဲ့ အာဏာရအမျိုးသားတပ်ဦး အဖွဲ့ဝင်တွေ အတွက်
အဖြေကတော့ ဘယ်လောက်ပဲတုန် လှုပ်စရာကောင်းပြီး ကျင့်ဝတ်နဲ့ မညီပေမယ့် ဟုတ်ပါတယ်
လို့ ဆိုရမှာပဲ။ ဒီနေ့ ဒီခေတ်အခါမှာ ကလေးခြောက်ယောက် ဖခင် အန်ဝါကို လိင်တူဆက်ဆံမှု
အတွက် ထောင်ချပြီး နိုင်ငံရေးအရ အမနာပပြောဆိုတာ ဟာ နာဂျစ်အစိုးရရဲ့ အလွန်ဆိုးရွားတဲ့
စွဲချက် တင်တာပဲဖြစ်တယ်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ် ဆန်ရဲ့
အပြောအရဆိုရင် အတိုက်အခံခေါင်း ဆောင် အန်ဝါအပေါ် နိုင်ငံရေးကိစ္စကို တာရှည် စေတဲ့
အတွက် မလေးရှား အာဏာပိုင်တွေဟာ နိုင်ငံတကာတို့ရဲ့ လှောင်ပြောင် သရော်ခံရ အောင်
လုပ်ပေးသလိုဖြစ်နေတယ်။ သူတော်ကောင်းဟန်ဆောင်မှုကတော့ ရွံစရာကောင်းပါတယ်။
လက်ရှိ ၀န်ကြီးတစ်ဦး အပါအဝင် အမျိုးသားတပ်ဦးပါတီက ထိပ်တန်း ပုဂ္ဂိုလ်တွေထဲမှာတောင်
လိင်တူဆက်ဆံမှု ကိစ္စ တွေရှိနေပေမယ့် သူတို့ကျတော့ အပြစ်ပေး မခံကြရဘူး။ အန်ဝါအပေါ်
စွဲချက်တွေဟာ မရေမရာရှိနေတာကြောင့် အန်ဝါဟာ အပြစ်မရှိကြောင်း တရားရုံးချုပ်က ၂၀၁၂
ခုနှစ်က ပလပ်ခဲ့ပေမယ့် အစိုးရကအယူခံဝင်ခဲ့ပြီး တရားရုံးချုပ်ရဲ့ အပြစ်မရှိကြောင်း စီရင်ချက်ကို
ပယ်ဖျက်ခဲ့တယ်။
ကာပါလ်ဖြစ်ခဲ့သလိုပဲ၊ ရလဒ်ကတော့ အန်ဝါ ကို ပါလီမန်က ပယ်ချနိုင်ဖွယ်ရှိပြီး အတိုက်အခံ
အဖွဲ့ရဲ့ အမြော်အမြင်အရှိဆုံးနဲ့ အဟောအပြော ကောင်းသူ အန်ဝါမှာ နိုင်ငံရေးလောကမှ
ငါးနှစ်ကြာ အပယ်ခံရတော့မှာဖြစ်တယ်။ ဒါဟာ အယောင်ဆောင် ဟန်ဆောင်တာပဲဖြစ်တယ်။
အန်ဝါနဲ့ ကာပါလ်တို့နှစ်ယောက်မှာတင် ပြီးမယ့်ကိစ္စမဟုတ်ဘူး။ Asian Forum for Human
Rights and Development ရဲ့ ညွှန်ကြားရေးမှူး အယ်ဗလင် ဘေလပ်စ် ဆာရာနိုရဲ့ အပြော
အရ မလေးရှား နိုင်ငံရေး ပြောင်းလဲရေးဝါဒီနဲ့ အတိုက်အခံ ခေါင်းဆာင် ခုနစ်ဦးထက်မနည်း နိုင်ငံ
တော် အပေါ် အကြည်ညိုပျက်စေတဲ့ ဆိုင်းငံ့စွဲချက်တွေ ရှိနေတယ်။ တရားရေးဆိုင်ရာ ဆုံးဖြတ်
ချက်တွေဟာ နိုင်ငံရေးအရင်းခံပြီး မလေးရှား နိုင်ငံတွင်း၌ သဘောထားကွဲလွဲမှုကို စနစ်တကျ
နှိမ်နင်းနေ တာဖြစ်တယ်လို့ အယ်ဗလင်ရဲ့ အဖွဲ့အစည်းက ယုံကြည်ထားတယ်။ ဒီအတိုင်းလည်း
ဖြစ်နေ တာပဲ။
သင်ဟာ ခြိမ်းခြောက်ခံနေရပြီး၊ စည်းမျဉ်းတွေကို စိတ်တိုင်းကျလုပ်နိုင်တဲ့ အာဏာရှိပြီး တရား
သူကြီးတွေကို ကြိုးကိုင် ခြယ်လှယ်နိုင်ရင် ခုခံနိုင်ဖို့ အတော်ခက်ပါတယ်။ နာဂျစ်ဆိုတဲ့ ပုဂ္ဂိုလ်
ကလည်း ဆွဲဆောင်မှုကို ဘယ်တုန်းကမှ ခုခံနိုင်တဲ့လူမှမဟုတ်တာပဲ။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။
















